မဂ္ဂင်ရှစ်ပါး

 မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ပုံ

သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသော မိစ္ဆာဒိဋ္ဌိ (အယူမှား) နိုင်ငံကြီးကို ဖျက်ဆီးပြီး သစ္စာလေးပါးအလင်းတရားကိုမြင်နိုင်သော သမ္မာဒိဋ္ဌိအယူရှိသူ၌ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်းအကြံအစည်မျိုး၊ သတ္တဝါတပါးကို မပျက်စီးစေလိုသော အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပင်ပန်းစေလိုသောအကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပအကြံသာ ဖြစ်သည်။ ယင်း သမ္မာသင်္ကပ္ပ အကြံအစည်မျိုးရှိသောသူသည် ဝစီဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော အပြောအဆို ဝစီကံဟူသော သမ္မာဝါစာတမျိုးကိုသာ ပြောဆိုမည်ဖြစ်သည်။ ဒုစရိုက်ကင်းသော သမ္မာဝါစာရှိသူသည် ထို့ထက်ရုန်းရင်းသော ကာယဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်သည်။

အမြင်များ၊ အကြံအစည်များ ကာယကံများ ဝစီကံများ စင်ကြယ်လျက်ရှိသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သော အသက်မွေးမှုများကို ပြုလုပ်တော့မည်မဟုတ်သည့်အတွက် သမ္မာအာဇီဝ ဖြစ်လာသည်။ 

အမြင် အကြံ ကာယကံ ဝစီကံနှင့် အသက်မွေးမှု စင်ကြယ်သော် ဝီရိယ သာ အမြဲတည်သောကြောင့် သမ္မာဝါယာမ ဖြစ်လာရပြန်ပါသည်။ ထိုအခါ သီလ သမာဓိ ပညာ အမှုတို့၌ စွဲမြဲသော သမ္မာသတိမဂ္ဂင် နှင့် သမ္မာသမာဓိမဂ္ဂင်တို့လည်း ဆက်ကာဆက်ကာ တည်ရှိလာရသည်။

မဂ္ဂင် (၈) ပါးကို သိက္ခာ (၃) ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစုဖြစ်၍ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု ဖြစ်သည်။


ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလကို ဆိုလိုသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမက၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ (၂) မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက် (၃) ပါး (ပါဏာတိပါတ − အဒိန္နာဒါန−ကာမေသုမိစ္ဆာစာရ) နှင့် ဝစီဒုစရိုက် (၄) ပါး (မုသာဝါဒ − ပိသုဏဝါစာ − ဖရုဿဝါစာ − သမ္ဖပ္ပလာပ္ပ) ဟူသော ဒုစရိုက်တရားများ လုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင်သီလ (သို့) အရောင်တင်သီလစုများသာ ဖြစ်သည်။ သိက္ခာပုဒ် ပညတ်ချက် (၂၂၇) သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင်ထိန်းနေသူများသည် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝမဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်သည်။


သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်၍ အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်သည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ်လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထ ဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ကြသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်၏။ ယင်း သီလမဂ္ဂင် နှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်သည်။


No comments:

Post a Comment

 ပန်းခဲ့သည်ပဲ နေလုံးရယ်နီ ၊ တိမ်ပန်းချီနေသွေးနဲ့ နတ်ရေးသည်သို့ ၊ ဒီအကျပေမို့ အလှလတာပြင်က ၊ ကျူရိုးရှင်လှေကလေးနဲ့ မျှော်ငေးလိုလို့။ သူ့ကိုယ်သ...