ဒုက္ခသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ - ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပာယ်နှင့် မတူပါ)
ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည် ဒုက္ခဖြစ်သည်'ဟု မကြာခဏဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာအာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။
ဇာတိ
သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။
ဇရာ
သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။
မရဏ
သတ္တဝါများ သေကျေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။
သောက
တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။
ပရိဒေဝ
တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။
ဒုက္ခ
သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။
ဒေါမနဿ
သတ္တဝါများသည် စိတ်အလိုမကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။
ဥပါယာသ
သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။
No comments:
Post a Comment